Blogger Widgets
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ညောင်ပင်ကျောင်းတိုက် ..နွားထိုးကြီးမြို့ မှ...လှိုက်လှဲစွာ..ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ....apk ဒေါင်းနိုင်ပါသည်

Thursday, March 13, 2014

ကြည်ညိုလိုက်စမ်းပါ

ညောင် ပင် | 5:24:00 AM | Best Blogger Tips


လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။ သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။ လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။ နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။

ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။ သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။ စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။ စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။ တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။ ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။ ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။ မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ (အရွင္နာယကာလကာၤရ)
မှတ်ချက်၊ ၊ အရှင်နာယကာလင်္ကာရ၏ ပိုစ့်လေးအား ထပ်ဆင့်မျှဝေသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: